ဆရာတော် ဦးဥတ္တမကို မီဒီယာများ လျစ်လျူ မရှုသင့်

စက်တင်ဘာလ (၉) ရက်နေ့တွင် ကျရောက်သော (၇၁) နှစ် မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုများကို ရခိုင်ပြည်နယ်အတွင်း အရှိန်မြှင့် ဆောင်ရွက်ခဲ့ကြသော်လည်း ပြည်တွင်း ပြည်ပ မီဒီယာများတွင် ထည့်သွင်း ဖော်ပြမှု မရှိသလောက် နည်းပါးသည်ကို တွေ့ရပါသည်။ နအဖစစ်အုပ်စု အာဏာတည်မြဲရေးအတွက် ဟန်ပြကျင်းပမည့် (၂၀၁၀) ရွေးကောက်ပွဲ သတင်းကို ဇောင်းပေးထုတ် လွှင့်နေရ၍ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်မှုကို လျစ်လျူရှုလေသလော (သို့တည်းမဟုတ်) မြန်မာ့ လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော်၊ မြန်မာတမျိုးသားလုံး၏ အမျိုးသားလွတ်မြောက်ရေး ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုရန် ခက်ခဲနေကြ၍လော (သို့တည်းမဟုတ်) ရခိုင်လူမျိုးတို့၏ နိုင်ငံရေးလှုပ်ရှားမှုကို ထုတ်ဖော်ခြင်းငှာ မ၀ံ့ရဲလေ၍လော (သို့တည်းမဟုတ်) မိမိတို့၏မီဒီယာမူဝါဒ ပြောင်းလဲလာ၍ ပေလော…… အဘယ်ကြောင့်များ ယခုကဲ့သို့ ဥပေက္ခာပြု လျစ်လျူရှုလေကြကုန်သနည်း ဆိုသည်ကို မသိရသော်လည်း ရခိုင်အမျိုးသားတို့ကား မိမိတို့၏ သမိုင်းပေးတာဝန်ကို ဆက်လက် ထမ်းရွက်နေကြဆဲပင်။ မိမိတို့၏သမိုင်းကို မိမိတို့ ကိုယ်တိုင် အသက်၊ သွေး ချွေးတို့ ဖြင့်ရေးသားလျက် ဆက်လက် တိုက်ပွဲဝင်နေကြဦးမည်သာ။ မီဒီယာတို့၌ မှတ်တမ်းတင်သည်ဖြစ်စေ မတင်သည်ဖြစ်စေ ကျရာတာဝန်ကို ထမ်းဆောင်ခြင်းသည်ပင်လျှင် ရခိုင်တို့၏ လှုပ်ရှားမှုများမှာ အဟောသိကံတော့ ဖြစ်လိမ့်မည်မဟုတ်။ ကိုယ့်အလုပ်ကို ကိုယ်ဆက်လုပ်၊ ကိုယ့်သမိုင်း ကိုယ်ဆက်ရေး နေကြမည်သာဖြစ်ပါသည်။

(၇၁) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားမှုများကို စက်တင်ဘာလ (၇) ရက်နေ့တွင် ရခိုင်ပြည်နယ် (၃) မြို့နယ်တွင် ပြုလုပ်ခဲ့ကြသည်။ စစ်တွေမြို့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ရခိုင်ပြည်နယ်) ဥက္ကဋ္ဌ ဦးမောင်ကြွင်းအောင်၊ စစ်တွေမြို့နယ် ဥက္ကဋ္ဌဦးစံရွှေထွန်း၊ ဗဟို အမျိုးသမီး အဖွဲ့ဝင် ဒေါ်ညိုအေးတို့ ဦးဆောင်ပြီး လူ (၂၀) ကျော်တို့က ကျောင်းတက်လမ်း၊ ဓမ္မာရုံရှေ့တွင် သံဃာတော်အပါး (၁၀၀) ကျော်ကို ဆွမ်းလောင်းခဲ့သည်။ တောင်ကုတ်မြို့နယ်၊ ကျောက်ဆိပ်တောင်စေတီတွင် ရခိုင်လူငယ် (၂၀) ကျော်၊ မအီမြို့နယ် အိုးထိန်းစေတီတော်မှာ ရခိုင်လူငယ် (၁၀)ကျော်တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်း သားအားလုံး လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းခဲ့ကြသည်။

စက်တင်ဘာ (၈) ရက်နေ့ ညနေတွင်လည်း မအီမြို့နယ် ဆားပြင်ရွာ၌ ရွာလမ်းများ တလျောက် ဆီမီးထွန်းပူဇော်ပွဲပြုလုပ်ကာ ဆရာတော် ဦးဥတ္တမနေ့ အမှတ်တရ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးဆုတောင်းခဲ့ကြသည်။ ကျေးရွာနေ ရခိုင်ကျောင်းသားနှင့် လူငယ်များက ပြည်သူလူထုအား ဆရာတော်ဦးဥတ္တမနေ့ အကြောင်းရှင်းပြခဲ့ကြသည်။

စက်တင်ဘာ (၉) ရက်နေ့ ဆရာတော်ဦးဥတ္တမပျံလွန်တော်မူသည့် (၇၁)နှစ်မြောက်နေ့တွင် ရခိုင်ပြည်နယ်အတွင်း လှုပ်ရှားမှုကို (၅) မြို့နယ်တွင် တွေ့ရသည်။ စစ်တွေမြို့နယ်တွင် (၂) နေရာပြုလုပ်သည်။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဌာနချုပ်တွင် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားနှင့် ဟောပြောပွဲကို ပရိတ်သတ် (၁၀၀) ကျော်ဖြင့် စည်ကား သိုက်မြိုက်စွာကျင်းပခဲ့သည်။ နံနက် (၉) နာရီတွင် ရခိုင်ကျောင်းသား၊ လူငယ် (၂၀) ကျော်က စစ်တွေ၊ လမ်းမတော် တောင်ရပ်ကွက်တွင် သံဃာတော် (၇၁) ပါးကို ဆွမ်းလောင်းလှူဒါန်းကာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံး အမြန်ဆုံး ပြန်လွတ်ရေး ဆုတောင်းခဲ့ကြသည်။ ဆရာတော်၏ရုပ်ပုံတော်ဖြင့် မိုးပျံဗူဘောင်းများကို ရိုသေစွာ လွှတ်တင်ခဲ့ကြသည်။

စက်တင်ဘာ (၉) ရက်နေ့ နံနက် (၉) နာရီတွင် တောင်ကုတ်မြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးတင်သိန်းအောင် နေအိမ်တွင် အဖွဲ့ဝင် (၂၀) ဦးနှင့် ဦးဥတ္တမနေ့ အခမ်းအနားတရပ်ကို ကျင်းပခဲ့သည်။ မအီမြို့၊ လမူးမော်ရွာ၊ ကြက်ကိုင်း ဘုရားတွင်လည်း သည်နေ့ နံနက် (၇) နာရီခန့် တွင် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းပွဲကို ကျောင်းသား၊ လူငယ် (၁၅) ဦးဖြင့် ပြုလုပ်ကျင်းပခဲ့ကြသည်။

ထိုနည်းတူစွာ မာန်အောင်မြို့နှင့် ရမ်းဗြဲမြို့တို့တွင်လည်း စက်တင်ဘာ (၉) ရက်နေ့တွင် ဆရာတော်ဦးဥတ္တမနေ့ ကိုဂုဏ်ပြုလျက် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်စေရေးအတွက် ရည်မှန်းကာ ဆွမ်းကပ် လှူဒါန်းမှုများ ပြုခဲ့ကြပါ သည်။ ရခိုင်ပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ရခိုင်စာပေသမားများနှင့် ပူးပေါင်းကာ မြို့နယ် (၁၅) မြို့နယ်တွင် ဆရာတော်၏ဓါတ်ပုံနှင့် ထေရုပ္ပတ္တိပေါင်း (၃၀၀၀) ကျော် ဖြန့်ဝေခဲ့ကြသည်။

ထို့အပြင် စစ်တွေမြို့ ဆရာတော်ဦးဥတ္တမပန်းခြံတွင် လုံခြုံရေး ထူထပ်စွာချထားသည့်ကြားမှ ရဟန်းတော်များနှင့် ရခိုင် ကျောင်းသားလူငယ်များက ပန်းခွေချ ပူဇော်ခဲ့ကြသေးသည်။ အဆင်မသင့်လျှင် ထောင်ထဲ တန်းပို့ ခံရမည့် အနေအထားပင် ဖြစ်သည်။

ဤမျှများပြားလှသောလှုပ်ရှားမှုများအတွက် အခက်အခဲကြား၊ အန္တရာယ်များကြားက စွန့်စားခဲ့ကြသူများကို လွန်စွာ ဂုဏ်ပြုရပေမည်။ စစ်အစိုးရသည် ဆရာတော်ဦးဥတ္တမနေ့ကို အသိအမှတ် မပြုလိုပေ။ ရဲရင့်ခိုင်မာလှသည့် ရခိုင်တို့၏ နှလုံးသွေးထဲတွင် နိုင်ငံရေးစိတ်ဓာတ် ပြင်းထန်လှသော ဆရာတော် ဦးဥတ္တမ စိတ်ဓာတ် လှည့်ပတ် စီးဆင်းမည်ကို ကြောက်လျက်ရှိသည်။ ထို့ ကြောင့် ယခင်နှစ်များက ဆရာတော် ဦးဥတ္တမနေ့ လှုပ်ရှားခဲ့ကြသည့် အပြစ်မဲ့ ရခိုင်ကျောင်းသားလူငယ် (၁၁) ဦးကို ပုဒ်မ အမျိုးမျိုးတပ်ကာ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ထားခဲ့သည်။ သည်ကြားထဲ ရုန်းကန် လှုပ်ရှားကြသည့် မျိုးဆက်သစ်လူငယ်များကို မြန်မာနိုင်ငံသား မီဒီယာသမားများ အနေဖြင့် လူမျိုးရေး မခွဲခြားဘဲ အလေး ဂရုပြုသင့်ပါသည်။ ကိုယ်ကျိုးစွန့် ဆောင်ရွက်ကြသူများ အနေဖြင့် မည်သည့်သတင်းဌာနတွင် ပါ၊ မပါ ဂရု စိုက်လိမ့်မည်မဟုတ်။ ထောင်အကျခံရလည်း သူတို့အရေး လုပ်ကြမည် မဟုတ်။ သို့သော် ၎င်းတို့၏ သတ္တိ၊ ရဲရင့်မှုတိုကို ပြည်သူ့ အတွက် ဆောင်ရွက်နေကြကုန်သော ပြည်သူ့ မီဒီယာသမားများ အနေဖြင့် လျစ်လျူမရှုသင့်ဟု ထင်မြင် ယူဆလျက် အပြုသဘောဆောင် ရေးသား တင်ပြလိုက်ပါသည်။

ဦးကျော်မောင်

http://arakanreview.net/?p=2010#more-2010

အသျှင်ဥတ္တမ(နှစ်၁၃ဝ ပြည့်) အထိမ်းအမှတ် – (၂၈ ဒီဇင်ဘာ ၂ဝဝ၉)

ရခိုင့်အာဇာနည် အာရှနီဝန်း မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင်

အသျှင်ဥတ္တမ(နှစ်၁၃ဝ ပြည့်) အထိမ်းအမှတ်

(၂၈ ဒီဇင်ဘာ ၂ဝဝ၉)
ဆရာတော် ဦးဥတ္တမသည် ၁၈၇၉ ခုနှစ် ဒီဇင်ဘာ (၂၈)ရက် တနင်္ဂနွေနေ့၌ ရခိုင်ပြည် စစ်တွေမြို့ ရှိ ရူပရပ်တွင် ဖခင် ဦးစံ မြ နှင့် မိခင် ဒေါ်အောင်ကြွဖြူတို့မှ မွေးဖွားခဲ့ပြီး ငယ်နာမည် မောင်ပေါ်ထွန်းအောင် ဖြစ်သည်။ ဆရာတော်သည် ငယ်ရွယ်ချိန်အခါကတည်းက ပညာရေး ထူးချွန်ခဲ့သည်။ ဆရာတော်သည် အသက် ၁၆ နှစ်အရွယ်တွင် မိဘများက ရှင်သာမဏေ ၀တ်ပေးရာမှ ရှင်ဥတ္တမ ဘွဲ့အမည်တွင်ခဲ့သည်။ အသက် ၁၉နှစ်တွင် ရဟန်းပြုပြီး နောက်ပိုင်း အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့သို့ ရဟန်းဝတ်နှင့်ပင် သွားရောက်ခဲ့ရင်း နိုင်ငံရေးစိတ်၊ အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားခဲ့ခြင်းဖြစ်သည်။ ဆရာတော် ဦးဥတ္တမသည် ဘာသာ စကားပေါင်း(၉)မျိုးကို ကောင်းစွာတတ်မြောက်ပြီး အိန္ဒိယ၊ ဂျပန်၊ တရုတ်၊ ကမ္ဘောဒီး ယား၊ ကိုးရီယား၊ အီဂျစ်နိုင်ငံများနှင့် ဥရောပတိုက်ရှိ ပြင်သစ်နိုင်ငံများ အပါအဝင် အာရှတိုက်မှ နိုင်ငံအများ အပြား တို့ကို ခရီးလှည့်လည်ခဲ့သည်။
ထို့နောက် ဆရာတော်သည် ၁၉၂၀ ခုနှစ် တွင် ဗမာတပြည်လုံးသို့ လှည့်လည်ကာ နယ်ချဲ့ဆန့်ကျင်ရေး တရားများကို ဟောပြောခဲ့သည်။ ထိုသို့ ဟောပြောမှုဖြင့် ၁၉၂၀ မတ်လ တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ်၁၂ လ အပြစ်ပေးခံရသည်။ ဆရာတော်သည် ၁၉၂၄တွင်လည်း“အစိုးရမကောင်းလျှင်မကောင်းဟု ဝေဖန်ခွင့်ဟာ လူ့အခွင့်အရေးပဲ၊ ဒီအခွင့်အရေးဟာ ငါတို့မှာ ရှိတယ်၊ ငုံ့မခံကြနဲ့” ဟု ပြည်သူများကို လှုံ့ဆော် ဟောပြောခဲ့သည့် အတွက်ကြောင့် ဒုတိယအကြိမ် ထောင် ၃နှစ် ကျခဲ့ပြီး ၁၉၂၈တွင် တတိယအကြိမ် အဖမ်းခံခဲ့ရသည်။ ထိုအချိန်က ဗြိတိသျှအစိုးရ ဘုရင်ခံချုပ်ကိုလည်း “ဆာ ရယ်ဂျီနယ် ကရက်ဒေါက် မင်းဗမာပြည်မှထွက်သွား ပါ” ဟူသော စာကို ရေးသား ပေးပို့ခဲ့သည်။ ဆရာတော်သည် ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ပျံလွန်တော်မှုခဲ့ပြီး ပျံလွန်တော်မှုချိန်တွင် သက်တော် ၆၀ နှစ်၊ ဝါတော် ၄၁ ၀ါ ဖြစ်သည်။ ဆရာတော်ပျံလွန်ချိန်အထိ နယ်ချဲ့အစိုးရကို ဆန့်ကျင်ခဲ့သည်။
ဆရာတော်ကို မြန်မာတပြည်လုံးက လေးစားခြဲ့ကသည်။ဆရာတော်ဦးဥတ္တမ အခမ်းအနားများ အမြဲ ပြုလုပ်ခဲ့ကြသည်။ စစ်အာဏာရှင်များလက်ထက်တွင် ဆရာတော် ဦးဥတ္တမ၏ နယ်ချဲ့တော်လှန်ရေး စိတ်ဓာတ်ကို အတုယူမှုများ ဖြစ်လာမည်ကို စစ်အာဏာပိုင်များမှ စိုးရိမ်လာသည့်အတွက် ဆရာတော်အား မေ့ပျောက်စေရန် သမိုင်းစာအုပ်များတွင် ရေးသားခွင့်များ ပိတ်ပင်ပြီး ကျောင်းသုံးစာအုပ်မှလည်း ဆရာတော်သမိုင်းကို ဖျောက်ဖျက်ခဲ့သည်။ ရွှေတိဂုံဘုရားအနှီးရှိ ဦးဥတ္တမပန်းခြံ ကို ကန်တော်မင်ပန်းခြံ အဖြစ် ပြောင်းလဲ ခေါ်ဆိုစေခြင်း၊ စစ်တွေမြို့ရှိ ဦးဥတ္တမပန်းခြံနှင့် ဦးဥတ္တမရုပ်တုကိုလည်း မွမ်းမံမှု မရှိခြင်းနှင့် ဆရာတော်ရုပ်တုကို ပူဇော် အရိုအသေပေးမှုများ၊ အခမ်းအနားလုပ်ခြင်းများကို တားမြစ်အရေးယူခြင်းများ ရှိသည်။  စစ်အစိုးရသည် ဆရာတော် ဗမာပြည် လွတ်မြောက်ရေးအတွက် ပထမမျက်စိဖွင့်ပေးခဲ့သည်ဆိုသော သမိုင်းအစဉ်အလာကို ဖျောက်ချင်ဇောဖြင့် စစ်အစိုးရလက်ထက်တွင် “ဂရက်တောက် မင်းထွက်သွား” စကားကို စစ်သမိုင်းပြတိုက်တွင် ပြသထားရာတွင် ဆရာတော်နေရာတွင် ဆရာတော်တပည့် ဦးဝီစာရရုပ်ထုဖြင့် သမိုင်းတွင် ယခုအထိ စစ်သမိုင်း ပြတိုက်တွင် ပြသထားသည်။။
“ရဲလျှင်ကြံ။ ကြောက်လျှင်ပြန်
သူရသတ္တိနည်းလျှင် ပျက်စီးရမည်
ကိုယ်ဖို့ကြုံလျှင် သက်လုံကောင်းကြပါစေ
သွေးမထွက်သောစစ်ပွဲကြီးကို ဆင်နွှဲကြ။
ကိုယ့်ရည်မှန်းချက် အောင်မြင်ချင်ရင် နောက်မတွန့်ကြနဲ့။
( ဆရာတော်ဦးဥတ္တမ)
ဆရာတော် ဦးဥတ္တမသည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ထင်ရှားကျော်စောသူ ပုဂ္ဂိုလ်ကြီးတဦး ဖြစ်ပါသည်။ ထင်ရှား ကျော်စောရခြင်း၏ အရင်းအမြစ်သည် ဆရာတော်အနေဖြင့် နိုင်ငံအကျိုး ဆောင်ရွက်ရာတွင် ရခိုင်သားတို့၏ ဗီဇစရိုက် အကျင့်ဖြစ်သည့် ရိုးသားမှု၊ ပွင့်လင်းမှု၊ ရင်ထဲတွင် ရှိသမျှကို မကွယ်မဝှက် ဘွင်းဘွင်းပြောဆိုတတ်မှု အပေါ် အခြေခံသည်ဟု ကောက်ချက်ချလိုသည်။
ဆရာတော်သည် နိုင်ငံရေးသမားတဦး မဟုတ်ပါ၊ နိုင်ငံရေးအကျိုးဆောင် တဦးသာဖြစ်ပါသည်။ ဆရာတော်တွင် နိုင်ငံရေးသမားတဦးကဲ့သို့ လက်ဝဲ၊ လက်ျာနှင့် လစ်ဘရယ်စသော နိုင်ငံရေးဝါဒများ မရှိခဲ့ပါ၊ နိုင်ငံရေး အကျိုးဆောင်ခြင်းသည် နိုင်ငံသူနိုင်ငံသားများ ကောင်းစားရေးအတွက် ပရဟိတအလုပ် သက်သက်သာ ဖြစ်ကြောင်းကို ဆရာတော်သည် မီးမောင်းထိုးပြ နိုင်ခဲ့ပါသည်။ နိုင်ငံရေး အကျိုးဆောင်သူများတွင် အတ္တဟိတ ဆိုသော ကိုယ်ကျိုးစီးပွားကို လုံးဝအဓိကမထားကြပါ။ ကိုယ်ကျိုးစွန့်သူများသာ ဖြစ်ကြပါသည်၊ နိုင်ငံသူ နိုင်ငံသားအား တပါးကျွန်ဘဝက လွှတ်မြောက်ရေးနှင့် လူသားရင်းမြစ် တိုးတက် ဖွံ့ဖြိုးရေးသည်သာ အဓိက အခြေခံ ခံယူကြပြီး မိမိအသက် ခန္ဓာ ဥစ္စာကိုပင် စတေးထားသူများပင် ဖြစ်ကြပါသည်။ ဆရာတော် ဦးဥတ္တမအပါအဝင် ဝံသာနုခေတ်က ပုဂ္ဂိုလ်များ။။
၁၉၁၈ခုနှစ်တွင် ဆရာတော်ဦးဥတ္တမသည် ဥရောပတိုက်၊ အမေရိကန်၊ ဂျပန်ပြည် စသည်တို့မှ ပြန်ကြွ၍ လာသောအခါ မြန်မာပြည်တွင် ဝိုင်-အမ်-ဘီ-အေ အသင်းက နိုင်ငံရေးလုပ်ငန်းများကို စတင် လုပ်ကိုင်နေကြပြီ ဖြစ်ကြသဖြင့် ဦးဥတ္တမလည်း ဝင်ရောက်ကူညီကာ စိတ်အားထက်သန်စွာ လုပ်ဆောင်လေသည်။ ဤကဲ့သို့ စတင်လုပ်ဆောင်လျှင် လုပ်ဆောင်ခြင်းပင် အစိုးရ စုံထောက်များမှာ ဆရာတော်နောက်သို့ တကောက်ကောက် လိုက်နေခြင်းကြောင့် ဦးဥတ္တမအား သံဃာတော်များက မပေါင်းသင်းဝံ့ကြချေ။ ထို့ပြင် ဆရာတော် ပြောပုံ နေပုံတို့မှာ နိုင်ငံရေးဆရာတော်ပီပီ အနည်းငယ် ကြမ်းတမ်းရကား အရဟတ္တဓဇဂုဏ် နှင့် မညီညွတ်ဟုဆိုကာ ဆရာတော်အား မည်သည့်ကျောင်းကမှ လက်မခံဘဲနေသောကြောင့် အင်းစိန် ဒိစတြိတ် သမိုင်းမြို့ရှိ အိမ်တအိမ်တွင် သတင်းသုံး နေရရှာလေသည်။
ထိုအချိန်အခါတွင် သူရိယသတင်းစာက ဦးဥတ္တမ၏ နိုင်ငံရေးဆောင်ရွက်ပုံများကို အထူးတလည် ထောက်ခံအားပေးသည့်ပြင် ဆရာတော်၏ အပြုအမူမှန်သမျှ မှန်ကန်ကြောင်းကို နေ့စဉ်လိုပင် ရေးသားကြ၏။ ဤနည်းအားဖြင့် တစတစ သတင်းစာဖတ်၍ ခေတ်မှီသောလူများ နိုင်ငံရေးမျက်စိ ပွင့်၍လာသောကြောင့် ဦးဥတ္တမဟောသော တရားပွဲများသို့ သွားရောက်ခါ နိုင်ငံရေးတရားများကို နာစပြုကြလေသည်။ ဆရာတော် ဦးဥတ္တမမှာ များသောအားဖြင့် ဦးလှဖေ၊ ဦးဘဖေတို့နှင့် အတူ သူရိယ သတင်းစာတိုက်တွင် သတင်းသုံး၏။ ဦးဥတ္တမ နိုင်ငံရေး လုပ်ဆောင်ရာတွင် ထိုခေတ်အခါက ခေတ်၏ရှေ့ပြေးဖြစ်သော ဦးဘဖေ၊ ဦးလှဖေ စသော ပုဂ္ဂိုလ်များက အားပေးလေ၏။ ၄င်းတို့၏လုံ့လကြောင့် သူရိယသတင်းစာ၏ အကူအညီဖြင့် တိုင်းသူပြည်သားများ၏ မျက်စိပွင့်လင်း၍ လာလေသည်၊ သို့ဖြစ်သဖြင့် သူရိယသတင်းစာ၏ ထိုစဉ်က ဆောင်ရွက်ချက်များကို တိုင်းသူ ပြည်သူသားများက ကျေးဇူးတင်ထိုက်လေသည်။
ဦးဥတ္တမမှာ နိုင်ငံရေးတရားကို ကြမ်းကြမ်းဟောတတ်သည့်အတိုင်း သံဃာတော်များ ကျောင်းတွင် ကျိန်း၍ မနေကြရန်နှင့်။ တိုင်းပြည်သည် ကျွန်ဘဝရောက်၍နေသောအခါ တိုင်းသူပြည်သားများမှာ ကျွန်များဖြစ်၍ ကျွန်များ ကိုးကွယ်သော ဘာသာသည်လည်း ကျွန်ဘာသာနှင့် ကျွန်သာသာနာပင်ဖြစ်မည်။ ကျွန်ဘဝမှ လွတ်မြောက်မှသာလျှင် သာသနာ ကြီးပွါး ထွန်းကားနိုင်မည် ဖြစ်သောကြောင့် ကျောင်းများတွင် ကျိန်း၍နေခြင်းငှါ မသင့်ကြောင်း သံသာသမဂ္ဂီ ဖွဲ့စည်းကာ လွတ်လပ်ရေး ကြိုးစားသင့်ကြောင်း သံဃာတော်များအားအား သတင်းစာမှ၎င်း။ တရားဟောရာ၌၄င်း။ ဆွဲငင်ပြောဆိုလျှောက်ထားသဖြင့် သံဃာတော်များမှာ သာသနာ ညှိုးငယ်သည်ကို ကိုယ်တိုင်တွေ့ရခြင်း။ တကာတကာမများမှာ တနေ့တခြား အောက်တန်းကျ၍လာခြင်း ဆင်းရဲခြင်း။ သာသနာပြုမင်း ရှိမှသာလျှင် သာသနာစည်ပင် ဖွံ့ဖြိုးတိုးတက်မည်တို့ကို သတိရကာ နိုင်ငံရေးတွင် စိတ်ဝင်စားစ ပြု၍လာတော့သည်။
ဦးဥတ္တမသည် ထိုစဉ်အခါက လူငယ်စုများဖြစ်ကြသော ဦးဘဖေ၊ ဦးသိမ်းမောင်၊ ဦးလှဖေ၊ ဦးမောင်ကြီး စသောသူများ၏ အားပေးချက်အရ ရွှေတိဂုံစေတီတော်ကြီး၎င်း။ ဗိုလ်တထောင်ဘုရား၌၄င်း။ ဗိုလ်တထောင် လွှစင်တန်း၌၄င်း။ တရားဟောပြောရာတွင် အစဦးက (၃ဝ)/(၄ဝ)မျှ လာရောက်၍ နိုင်ငံရေးတရားကို နာကြသော်လည်း တစတစ တရားနာ ပရိသတ်တိုး၍ လာလေသည်။ ဤသို့ဟောပြောရာမှ ရန်ကုန်မြို့တွင် သာမဟုတ်၊ တောနယ်များသို့လည်း ကြွရောက်ဟောပြော၏။ ထို့နောက် ၁၉၂၁ ခုနှစ် ဒေးဒရဲ ဆူးကလပ်ရွာတွင် တရားဟောပြောသည့်အတွက် ပုဒ်မ ၁၂၄ (က) အစိုးရ အကြည်ညိုပျက်မှုနှင့် တရားစွဲခံရ၏။ ထို့ကြောင့် ပုသိမ်နယ် ကျောင်းကုန်းတွင် တရားဟောနေစဉ် ဖမ်းဆီးပြီးလျှင် ဖျာပုံမြို့သို့ ယူဆောင်ပြီး၊ ဖျာပုံမှတဆင့် မအူပင်ရုံးသို့ လွှဲပြောင်းကာ ထောင်ဒဏ်အပြစ်ပေးခြင်း ခံရလေသည်။
ဤသို့ ဦးဥတ္တမအား အပြစ်ပေးလိုက်သောအခါ တပြည်လုံး လူရော သံဃာပါ နိုးကြားလာကြပြီးလျှင် နိုင်ငံရေးစိတ်ဓါတ် အထူးဝင်စားလေတော့သည်။ သံဃာတော်များမှာလည်း အမှုမဲ့အမှတ်မဲ့ နေခြင်းငှါ မသင့်ပြီဟု ယူဆပြီးလျှင် ရန်ကုန် သရက်တော ကျောင်းတိုက်နှင့် ဗဟန်းတိုက်များတွင် သံဃသမဂ္ဂီအသင်းများကို စတင် တည်ထောင်လေသည်။ ထို့နောက် အောက်မြန်မာပြည် တဝှမ်းလုံးတွင် သံဃသမဂ္ဂီ အသင်း (၃၇)သင်းကို တည်ထောင်ပြီးစီး၏။ ဆရာတော် ဦးဥတ္တမ ထောင်ကျ၍ သံဃာတော်များနှင့် လူထုကြီး ပူးပေါင်းကာ လွတ်လပ်ရေးကြိုးပမ်းမှုကြီး အရှိန်အဟုန် မြင့်မားလာခဲ့ပါသည်။
ဆရာတော် ဦးဥတ္တမ နှစ် (၁၃၀) ပြည့် အထိမ်းအမှတ်အဖြစ် ဆရာတော်၏ အတွေးအမြင်များကို ရဟန်းရှင်လူ အပေါင်းနှင့် တပ်မတော် အတွင်းရှိ သားကောင်းစစ်သည်များထံသို့ နိုင်ငံရေး အကျိုးဆောင်စိတ်ဓါတ်များ နိုးကြွစေရန် မျှဝေလိုက်ပါသည်။
အာသျှနီဝန်း ရခိုင့်အာဇာနီ မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမ နှစ်၁၃၀ ပြည့်နိန့်ု့ ၂၀၀၉ဒီဇင်ဘာလ(၂၈) ရက်နိန့်  ကျရောက်မည် ဖြစ်ပ်ါသောကြောင့် ပြည်တွင်းပြည်ပဟိ ပြည်သူတစ်ရပ်လုံးသို့ အသိပီး တိုက်တွန်း အပ်ပါသည်။

ခင်မင်လေးစားစွာဖြင့်
(အမျိုးသားရေးနိုင်နိုင်)

၈၈ ၀၁၁၉၉၁၃၈၂၉၁